Showing posts with label Note. Show all posts
Showing posts with label Note. Show all posts

Wednesday, May 28, 2014

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း အပိုင်း(၃)

ကျွန်တော့အတွက်တော့ ပန်းချီညကျောင်းက အမှတ်ရစရာတွေများလှပါတယ်....။
ဆရာကန်တော့ပွဲမှာ ပန်းချီကားမဲပေါက်ဘူးတယ်.... အဲ့ဒီပန်းချီကားကိုကူးရေးချင်လို့ ခဏဌားပါဆိုပြီး...
အခုထိပြန်မတွေ့တော့ မပေးတော့တဲ့သူနဲ့လည်း ကြုံခဲ့ဖူးတယ်....။

ညကျောင်းပထမနှစ်ပြီးလို့ ဒုတိယနှစ်မတက်ခင် နွေရာသီမှာ အဖေက သူ့သူငယ်ချင်းဖြစ်တဲ့
ပန်းချီဦးကျော်သောင်းထံအပ်ပေးပါတယ်.....။ ဦးကျော်သောင်းဟာလည်း ကျွန်တော့်အတွက် အရေးကြီးလှတဲ့
ကျေးဇူးရှင်တစ်ဦးပါပဲ....။ အနုပညာအကြောင်းတစ်လုံးတစ်ပါဒမျှမသိတဲ့ကျွန်တော့်အတွက်
အမြင်အကြားများစေခဲ့ပါတယ်.....။ နောက်ပိုင်း ဦးကျော်သောင်းလမ်းညွှန်မှုနဲ့
ယဉ်ကျေးမှုတက္ကသိုလ်ကိုတက်ဖြစ်ခဲ့တာကလည်း..... ဘ၀ရဲ့ ကြီးမားတဲ့ နောက်ထပ်အချိုးအကွေ့တစ်ခုပါပဲ.....။

ပန်းချီညကျောင်း ကျောင်းသားဘ၀ပြန်စရရင်.... ဒုတိယနှစ်မှာ ဆရာဦးဝင်းတင့်အတန်းတက်ရတယ်...။
မြန်မာရိုးရာကိုတော့ ဆရာကျော်ကပဲ ဆက်သင်ပေးတယ်......။ နေ့ကျောင်းသားတွေရဲ့ လေ့ကျင့်လက်ရာတွေကြည့်ရတာ....
တကယ်ကို အားကျစရာကောင်းပါတယ်..... ဒုတိယနှစ်ကျောင်းသားတွေက အပြင်အလုပ်တွေလက်ခံလုပ်နေကြပြီ....။
အထူးသဖြင့်တော့ ရုပ်ပြရေးတာပါ...။ သွက်သွက်လက်လက်နဲ့ အောက်လိုင်းတွေရေး.... ဘက်တွေဖြည့်နဲ့
အတော်တော့ ကြည့်လို့ကောင်းပါတယ်.....။ အဲ့ဒီအချိန်တုန်းက ကျောင်းက အပြင်အလုပ်တွေ အတော်ရပုံရတယ်...
ဆရာဝင်းရဲ့ညကျောင်းအချိန်က သိပ်မကြာခင်မှာဘဲ ဆရာတွေ နယ်သွားပြီးအလုပ်လုပ်ဖို့ပေါ်လာတာနဲ့ .......
ဒုတိယနှစ်ကျောင်းသားဘ၀ကိုလည်း ဆရာကျော်နဲ့ဘဲ ထပ်ဆက်ရပြန်ပါတယ်......။

မှတ်မှတ်ရရ...မာရီရေဆေးတစ်ဘူး... ၂၅၀ကျပ်ပေးရပါတယ်.... ဆေးစပ်ခွက်ကလည်း ၂၅၀ပါပဲ....
ဖြစ်ချင်တော့ ဒုတိယနှစ်မှာ ညကျောင်းလခ ၅၀ကနေ...၃၀၀ကျပ်တိုးကောက်ပါတယ်.....
အတော်ကိုများတယ်လို့ဆိုနိုင်ပါတယ်......ညကျောင်းသားတွေ အခက်အခဲဖြစ်တော့....
ဆရာတွေတိုင်ပင်ပြီး.... ပိုက်ဆံမရလည်းနေ အလကားသင်ပေးမယ်တို့.......
ဒါမှမဟုတ်.... ၅၀ကျပ်ပဲပြန်ပြောင်းဖို့စာတင်မယ်တို့.... ဖြစ်ခဲ့ပါတယ်......
ဒါပေမယ့်.... ကျောင်းအုပ်ကြီးကဆရာတွေကော.. ညကျောင်းသားအားလုံးကို ရုံးခန်းခေါ်တွေ့ပြီး....
သက်မှတ်ပြီးသားဖြစ်လို့ပြောင်းလဲလို့မရကြောင်း...
အစရှိသည်ဖြင့်ပြောခဲ့တဲ့အတွက်... ဘာမှမတတ်နိုင်ပဲ... ဆက်တက်ချင်ရင်
တစ်လ ၃၀၀ကျပ်သွင်းဖို့ဖြစ်လာခဲ့ပါတယ်....။
များတယ်လို့ဆိုနိုင်ပါတယ်..၀န်ထမ်းလခက ၁၀၀၀တောင်မရှိသေးတဲ့ ၁၉၉၆ခုနှစ်က ဆိုတော့လေ.....။။

ဒါနဲ့ပဲ... ရေတွေမျှောလိုက်....မရလိုက်နဲ့... ဒုတိယနှစ်ညကျောင်းသားဘ၀ဖြတ်ကျော်ဖြစ်ပါတယ်....။
မှတ်မှတ်ရရ... ကျွန်တော်ရေးတဲ့ အရောင်တွေကိုကြည့်ပြီး ဆရာကျော်က အဲ့ဒီအတိုင်းတွေ့လို့
ရေးတာလားမေးပါတယ်..... အရောင်မကိုင်ဘူးတဲ့ကျွန်တော်.... ကာလာဘလိုင်းဖြစ်တယ်လို့ထင်ရအောင်
မြင်တာတခြား.. ရေးတာတခြားဖြစ်နေလို့ပါ......။

ညကျောင်းဒုတိယနှစ်ဝက်မှာ ကျွန်တော်ယဉ်ကျေးမှုတက္ကသိုလ်စတက်နေပါပြီ....။
ဒါပေမယ့်.... ညကျောင်းကတော့ ရောက်အောင်သွားတက်ဖြစ်ပါတယ်..။
ဒဂုံတောင်က ပြန်ရတော့ ကျောင်းတက်မမှန်တာ့ပါဘူး....။
တစ်ချိန်တည်းမှာပဲ... ဦးကျော်သောင်းအိမ်မှာ ပန်းချီနဲ့ပတ်သက်တာတွေ ၀ိုင်းလုပ်ပေးရတယ်...။
ကိုသန်းဦး(သူ့သူငယ်ချင်းတွေက ကျီးကန်းလို့ခေါ်တယ်နဲ့တူတယ်)က ဘောင်သွင်းတာတွေ...
လုပ်တော့ သူ့ကိုကူညီပေးခဲ့ရတယ်....။ ပိတ်ညှပ် ပိတ်ကပ် ကော်ပတ်စား ဆေးသုတ်အလုပ်တွေနဲ့
ပန်းချီဆရာဖြစ်ဖို့ ဘ၀စခဲ့ရတာ လွမ်းစရာပါပဲ....။

ညကျောင်းသာဘ၀ကို အချုပ်အားဖြင့်ဆိုရရင်... ကျွန်တော်ပန်းချီဆရာဖြစ်ဖို့....
ဖန်တီးခဲ့တဲ့အဓိကအရာလို့ဆိုနိုင်ပါတယ်...။
ပန်းချီကို ညကျောင်းမှာမသင်ဖြစ်ခဲ့ရင်.. အခုကျွန်တော်ကလည်း... ဒီနေရာမှာရှိနေမှာမဟုတ်ပါဘူး..။
ပညာသင်ပေးခဲ့တဲ့ ဆရာတွေ..အပါအ၀င် မြင်ကြားခဲ့ရတဲ့ ဆရာအသီးသီးရဲ့ကျေးဇူးက တကယ်ကို....
ကြီးမားလှပါတယ်..... ။

Wednesday, August 14, 2013

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း အပိုင်း(၂)

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း အပိုင်း(၂)

ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာဟာဘာလဲလို့ သိလိုက်ရချိန်ဟာ ပန်းချီပန်းပုကျောင်းစရောက်လာခဲ့တဲ့အချိန်မှာပေါ့။ တကယ်တော့ ပန်းချီရေးဖြစ်တယ်ဆိုတာ အခြားအကြောင်းအရာတွေထက် အဓိကကျတာက ကိုယ်ကိုယ်တိုင်က နှစ်နှစ်ခြိုက်ခြိုက်နဲ့ကို ကြိုက်လို့ပါ။ကံကြမ္မာက အံ့သြဖို့တော့ အကောင်းသား။ ကျောင်းကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာအောင်ကို တွန်းပို့ခဲ့တယ်လို့ထင်ရတယ်။

ပထမနှစ်သင်ခန်းစာက တဖြည်းဖြည်းနဲ့ အသွေးနုရင့်အကြောင်း၊ နီးဝေးမြင်စနစ်အကြောင်းတွေကိုရောက်လာချိန်မှာ လူလည်း ပုံမှန်ထက်ပိုပြီးတော့ ပန်းချီကိုရေးဖြစ်နေဘီ။ ညကျောင်းက ၆နာရီခွဲဆိုပြီးပေမယ့် ပုံရေးကောင်းရင်ကောင်းသလို ၈နာရီလောက်အထိ ရေးဖြစ်တယ်။ ညကျောင်းတက်တုန်းကသူတွေထဲမှာ နေ့ကျောင်းတက်ဖြစ်တာ ကိုထွေးခိုင်လို့ထင်တယ်။ သူလည်း ၁၀တန်းအောင်ပြီးလို့ အဝေးသင်ဒုတိယနှစ်လား၊ ကျောင်းပီးသွားပီးလားတော့ မမှတ်မိတော့ဘူး။ အတူတူ လမ်းလျှောက်ပြန်ဖြစ်တဲ့သူတွေလည်းရှိတယ်။ နာမည်တွေတော့ မမှတ်မိတော့ဘူး။ ရေခဲဆိုင်ကနေ ကန်တော်ကြီးပတ်လမ်းအတိုင်းလမ်းလျှောက်ပြန်တာ၊ ဖိုးစိန်လမ်းထိပ် လက်ဘက်ရည်ဆိုင်က ကောင်လေးတစ်ယောက်နဲ့  ပြန်ရင်းစကားပြောဖြစ်တာတွေ မှတ်မိသေးတယ်။

ကျောင်းစတက်တော့ လူကအတော်များပါတယ်။ အချိန်နည်းနည်းကြာလာချိန်မှာ တဖြည်းဖြည်းနဲ့ ပုံမှန်ကျောင်းတက်သူတွေနည်းလာတယ်။ တကယ်တော့ ညကျောင်းဆိုတာ အလုပ်တဖက်နဲ့၊ ကျောင်းတဖက်နဲ့ လာတက်သူတွေက အများသားဆိုတော့ အခြေအနေက ဒီလိုဘဲဖြစ်မှာပါဘဲ။ ပထမနှစ်အခန်းက ကျောင်းကိုဝင်ဝင်ခြင်း ညာဘက်မှာပါ။ အတွင်းကရော အပြင်ဘက်ကပါ ၀င်လို့ရတယ်။ နေ့ကျောင်းပထမနှစ်မှာ ဆရာကျော်သူရိန်နဲ့ ဆရာဦးအောင်ဘတို့ နှစ်ယောက်သင်တာပါ။ ဒါပေမယ့် ဆရာဘလည်း ညဘက်တွေပုံရေးဖြစ်ရင် အဆင်ပြေသလို ရှင်းပြ သင်ပြပေးပါတယ်။ ကျောင်းမှာလေ့ကျင့်လိုက် အိမ်မှာလေ့ကျင့်လိုက်နဲ့ ပန်းချီပညာသင်ဘ၀မှာ ပန်းချီအရေးဆုံးအချိန်ဟာ ပန်းချီပန်းပုညကျောင်းတက်ခဲ့တဲ့ အချိန်ဘဲဆိုတာ သေချာပါတယ်။

ညကျောင်းဒုတိယနှစ်ကို ဆရာဦးဝင်းတင့်၊ တတိယနှစ်ကို ဦးသိန်းစိုးတို့သင်ကြပါတယ်။ အပေါ်ထပ်က ကျောင်းအုပ်ကြီးဦးစိုးတင့်ရဲ့ အသံတွေကလည်း မကြာခဏကြားရတယ်။ အောင်ငွေရေ...လို့ အော်ရင် ညကျောင်းသားတွေနဲ့အတူ ပုံလာရေးတတ်တဲ့ နေ့ကျောင်းသားအောင်ငွေက လာပါဘီလို့ အော်ရင်း ပြေးတက်သွားတာတွေလည်းမှတ်မိသေးတယ်။ ညဘက်မီးတထိန်ထိန်နဲ့ရေးခဲ့ရတဲ့ စွဲမက်ဖွယ်အရသာက ပန်းချီအလုပ်ကိုဘဲလုပ်တတ်တဲ့ လူဖြစ်အောင်တွန်းပို့ခဲ့တယ်လို့ထင်တယ်။ အိမ်မှာဆိုလည်း ည၁နာရီ၊ ၂နာရီအထိ လူရှင်းတဲ့အိမ်အပြင်မှာထိုင်ရင်းလေ့ကျင့်ဖြစ်တာ နေမကောင်းဖြစ်တဲ့အထိဘဲ။

ပထမနှစ်အခန်းထဲဝင်လိုက်ရင် အမည်းရောင်ကျောက်သင်ပုန်းရှိတယ် ပန်းချီထိုင်ရေးတဲ့ခုံတွေချထားတယ်။ အခန်ပုံစံက ထောင့်မှန်ပုံရှိတယ်။ ကျောက်သင်ပုန်းရှေ့ကခုံမှာ ရေးရမယ့် အိုးခွက်ပုလင်းတွေ တင်ထားတယ်။ အခန်းဘယ်ဘက်အခြမ်းမှာ ဆရာတွေထိုင်တဲ့ စားပွဲတွေရှိတယ်။ အဲဒီစားပွဲမှာ ဆရာဘ ပုံရေးနေတာတွေ မှတ်မိသေးတယ်။ ကြည်ပေါက်တဲ့ ပစ္စည်းတွေကို ဘယ်လိုရေးရတယ်ဆိုတာ လက်တွေ့ရေးပြရင်းရှင်းပြခဲ့ဖူးတယ်။ ကြည်ပေါက်တဲ့ပစ္စည်းမှာလည်း ထုထည်ရှိပုံ အရှေ့အနောက်ဖောက်မြင်ရပေမယ့် အလွှာအထပ်ထပ်ရှိပုံတွေ ရှင်းပြလို့နားလည်ခဲ့ရဖူးတယ်။


ညဘက်ပစ္စည်းတွေကို ကြည့်ရေးရင်းရတဲ့အကျိုးက အရာဝတ္ထုတွေကို ထုထည်အားကောင်းကောင်း အလင်းအမှောင်အားကောင်းကောင်းနဲ့ မြင်တွေ့ ရေးဆွဲရတာဘဲ။ အလင်းအခြမ်း အမှောင်အခြမ်းကွဲကွဲပြားပြား မြင်ရတယ်။ အလင်းရဲ့ဂုဏ် အမှောင်ရဲ့ဂုဏ်ကို အများကြီးနားလည်ခွင့်ရခဲ့တယ်။ ပန်းချီဆိုတာ အလင်းကြောင့်ဖြစ်လာတဲ့ မြင်ခြင်းဆိုင်ရာအနုပညာမဟုတ်လား။ အလင်းတန်ဖိုးအလိုက် ပြောင်းလဲနေတဲ့ အရောင်တွေ၊ အရောင်တွေကနေ ခံစားမှုတွေ။ အလင်းကြောင့်ပြောင်းလဲသွားတဲ့ ပုံသဏ္ဍာန်တွေ၊ ပျက်ယွင်းမှု ဖြစ်တည်မှုတွေ။ ဒါတွေကို ခံစားနားလည်ဖို့ အခြေခံကို ညကျောင်းက ကျေးဇူးပြုခဲ့တယ်။

ပန်းချီပညာဆိုတာ စပေါ်ခဲ့တဲ့ ဟိုးနံရံပန်းချီကနေပြီး အခုခေတ်အချိန်အထိ သတ်သတ်မှတ်မှတ်ခွဲခြားလို့ရခဲ့တယ်။ ရှေးလူတွေ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့တဲ့ အမွေအနှစ်တွေထဲက ရှားရှားပါးပါးကျန်ရှိနေတဲ့ မြတ်နိုးဖွယ် အတတ်ပညာတစ်မျိုးပါဘဲ။ ဘယ်လိုဟန်မျိုးနဲ့ဘဲရေးရေး ပန်းချီကားဟာ ပန်းချီကားပါပဲ။ အရမ်းကိုရိုးရှင်းပြီး ကျွန်တော်အတွက်တော့ မြတ်နိုးစရာပါဘဲ။


Sunday, August 11, 2013

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း၊ အပိုင်း(၁)

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း၊ အပိုင်း(၁)

ကျွန်တော် ၁၉၉၅မှာ ၁၀တန်းအောင်တော့ တက္ကသိုလ်တွေက ချက်ချင်းမတက်ရသေးဘူး။ စောင့်ရမှာဆိုတော့ အားနေတယ်။ အဲ့ဒီမှာ အစ်ကိုဝမ်းကွဲတစ်ယောက်က ပန်းချီကျောင်း တက်မလားဆိုပီး လာပြောတယ်။ ပန်းချီနဲ့ထိတွေ့ဘူးတာ၊ အမှတ်တရဖြစ်တာတွေရှိခဲ့ပေမယ့် ဒါက ဘ၀တစ်ခုလုံးအတွက်လို့ အဲဒီအချိန်တုန်းက တစ်ခါမှကို မတွေးမိခဲ့ပါဘူး။ ဒီအတိုင်းဘဲ ပေါ့ပေါ့ပါးပါး တက်မယ်ပေါ့။ ဒါနဲ့ ကျောင်းအပ်ဖြစ်တက်ဖြစ်ခဲ့တယ်ဆိုပါတော့။

 ကျောင်းလခက မှတ်မှတ်ရရတစ်လ၅၀ကျပ်။ ၄နာရီခွဲလောက်ကနေ ၆နာရီခွဲအထိ ဆိုပေမယ့်ပြန်ချင်တဲ့အချိန်ပြန်လို့ရတာပါဘဲ။ တစ်ပတ်ကို ၃ရက်တက်ရတယ်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာပေါ့။ အသက်ရော ပညာအရည်အချင်းရော ကန့်သတ်မထားလို့ အရွယ်စုံ လူစုံတွေ့ရတာဘဲ။ ကျောင်းစတက်တော့ နည်းနည်းနောက်ကျနေပီလို့ထင်တာဘဲ။ သဂုတ်လလို့ထင်တယ်။ွန်လကတည်းက ကျောင်းဖွင့်ထားလို့ ၂လကျော်လောက်နောက်ကျနေဘီ။
 မျဉ်ကြောင်းတွေစခစ်ရတယ်။ သိပ်မကြာပါဘူး အရေ့မှာ ချထားတဲ့ပစ္စည်းတွေကို တိုင်းပီးရေးရတော့တာပါဘဲ။ သင်တာက ဆရာကျော်သူရိန်ပါ။ ပန်းချီကိုစနစ်တကျနဲ့ သင်ပေးခဲ့တဲ့ ပထမဦးဆုံးဆရာပါဘဲ။ 

ရှင်းရှင်းပြောရရင် ပန်းချီဆိုတာ ရုပ်ပြစာအုပ်လောက်ဘဲသိတယ်။ လမ်းဘေးမှာတွေ့တွေ့နေတဲ့ ဓါးခြစ်ပန်းခလာက်ကို ပန်းချီလို့ထင်ခဲ့တဲ့သူပါ။ တက်ဖြစ်ခဲ့တဲ့ အကြောင်းတစ်ခုကလည်း ရုပ်ပြတွေကို ကူးရေးချင်တာဘဲ။ မြိတ်ဝင်းထိန်တို့၊ စိုင်းလားရှိုးတို့၊ ကျော်အောင်မော်တို့လို ရုပ်ပြစာအုပ်ထဲက အရုပ်လှလှလေးတွေ ရေးတတ်ချင်တာပါ။ ပန်းချီကားဆိုတာ ကြားဖူးရုံရှိတာ လုံးလုံးကိုမတွေ့ဘူးတာ။
ကျောင်းမှာ ၉တန်းတုန်းက ပန်းချီသင်ပေမယ့် သိတဲ့အိုင်း စာသင်ချိန်တွေဖဲ့ဖဲ့ယူသွားတာ ဘာမှကိုမကျန်ဘူး ပန်းချီသင်ချိန်က။

တကယ်တော့ အတတ်ပညာတစ်ခုကို စနစ်တကျနဲ့ သင်ယူသင့်တယ်ဆိုတာ အဲ့ဒီတုန်းကတော့မသိပါဘူး။ ဆရာကဒါရေးဆိုရေးပေါ့။ ခဲတံကိုထောင်လိုက် လဲလိုက်နဲ့တိုင်းလိုက် စာရွက်ပေါ်မှာမှတ်လိုက်နဲ့ အချိန်တော်တော်လေးကိုယူပီးတော့ တိုင်းရေးရတယ်။ ဒါပေမယ့် ထွက်လာတဲ့ပုံက တလွဲ။ ကြီးလိုက် သေးလိုက်။ ပြန်တိုင်းလိုက် ပြန်ရေးလိုက်ပဲပေါ့။ အခြေခံပန်းချီဆိုတာက သင်ဖူးတဲ့သူတိုင်းသိပါတယ် အောက်ခြေမျဉ်းကို အရင်ရေး။ ပြီးရင် အမြင့်မျဉ်းထည့်။ ရေးမယ့်အရာဝတ္ထုရဲ့ အမြင့်တွေကိုတိုင်း။ ပြီးရင် အကျယ်ကိုတိုင်း။ မျဉ်းကြောင်းတွေဆက်ရင် ပုံပေါ်လာတာပေါ့။ အခုပြောနေတာလွယ်တာ။ စရေးတုန်းကဆို ပုံကအချိုးကမမှန်။ အဝေးကနေတိုင်းရေးတော့ စာရွက်ထဲမှာ သေးသေးလေးဘဲပေါ်။ တကယ်ကို အခက်တွေ့ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကတော့ ဘာမှန်းညာမှန်းမသိပါဘူး။ တိုင်းဆိုတိုင်း ရေးဆိုရေးဘဲ။ နောက်ပိုင်း ထဲထဲဝင်ဝင်ဆက်လုပ်ဖြစ်မှ ဘာလ၊ ဘာကြောင်လေကျင့်ရလည်းဆိုတာ နားလည်လာတယ်။

ရေးရတာ အဆင်မပြေတိုင်း ဆရာကျော်ကို ရေးပြပါဦးဆိုတာ ဘယ်နှစ်ကြမ်မှန်းမသိပါဘူး။ အခုတရေးရေးနဲ့ပေါ်လာတာက ဆရာကျော်ရေးပြခဲ့တာက အခြေခံသင်ရိုးအတိုင်းဘဲ အောက်ခြေမျဉ်း၊ အမြင့်မျဉ်း၊ အရာဝတ္ထုရဲ့အမြင့်တွေရှာ၊ အကျယ်မျဉ်းတွေရှာ ရှာထားတဲ့အမှတ်တွေကိုဆက်။ ဘယ်နှစ်ကြိမ်မေးမေး ဒီအဆင့်အတိုင်းရေးပြခဲ့တာကို အခုထိ အမှတ်ရမိတယ်။ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် အဲ့ဒီအဆင့်တွေကို ထပ်ခါတလဲလဲ မြင်ခဲ့ရတဲ့ကျေးဇူးက ကိုယ်ကိုယ်တိုင်ပြန်လေ့ကျင့်တဲ့အခါ အဆင့်မကျော်မိတော့ဘူး။ ဒီအဆင့်အတိုင်းကိုအတိအကျ လေ့ကျင့်မိတော့တာပေါ့။ မျဉ်းကြောင်းတွေရဲ့တန်ဖိုး၊ တည်နေရာတွေရဲ့တန်ဖိုးကို မှန်မှန်ကန်ကန်လေ့ကျင့်ခွင့်ရခဲ့တယ်။ နောင်တစ်ချိန်မှာ ဒါတွေက အရမ်းကိုအရေးကြီးမှန်းမသိခဲ့ဘူး။