Wednesday, August 14, 2013

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း အပိုင်း(၂)

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း အပိုင်း(၂)

ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာဟာဘာလဲလို့ သိလိုက်ရချိန်ဟာ ပန်းချီပန်းပုကျောင်းစရောက်လာခဲ့တဲ့အချိန်မှာပေါ့။ တကယ်တော့ ပန်းချီရေးဖြစ်တယ်ဆိုတာ အခြားအကြောင်းအရာတွေထက် အဓိကကျတာက ကိုယ်ကိုယ်တိုင်က နှစ်နှစ်ခြိုက်ခြိုက်နဲ့ကို ကြိုက်လို့ပါ။ကံကြမ္မာက အံ့သြဖို့တော့ အကောင်းသား။ ကျောင်းကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာအောင်ကို တွန်းပို့ခဲ့တယ်လို့ထင်ရတယ်။

ပထမနှစ်သင်ခန်းစာက တဖြည်းဖြည်းနဲ့ အသွေးနုရင့်အကြောင်း၊ နီးဝေးမြင်စနစ်အကြောင်းတွေကိုရောက်လာချိန်မှာ လူလည်း ပုံမှန်ထက်ပိုပြီးတော့ ပန်းချီကိုရေးဖြစ်နေဘီ။ ညကျောင်းက ၆နာရီခွဲဆိုပြီးပေမယ့် ပုံရေးကောင်းရင်ကောင်းသလို ၈နာရီလောက်အထိ ရေးဖြစ်တယ်။ ညကျောင်းတက်တုန်းကသူတွေထဲမှာ နေ့ကျောင်းတက်ဖြစ်တာ ကိုထွေးခိုင်လို့ထင်တယ်။ သူလည်း ၁၀တန်းအောင်ပြီးလို့ အဝေးသင်ဒုတိယနှစ်လား၊ ကျောင်းပီးသွားပီးလားတော့ မမှတ်မိတော့ဘူး။ အတူတူ လမ်းလျှောက်ပြန်ဖြစ်တဲ့သူတွေလည်းရှိတယ်။ နာမည်တွေတော့ မမှတ်မိတော့ဘူး။ ရေခဲဆိုင်ကနေ ကန်တော်ကြီးပတ်လမ်းအတိုင်းလမ်းလျှောက်ပြန်တာ၊ ဖိုးစိန်လမ်းထိပ် လက်ဘက်ရည်ဆိုင်က ကောင်လေးတစ်ယောက်နဲ့  ပြန်ရင်းစကားပြောဖြစ်တာတွေ မှတ်မိသေးတယ်။

ကျောင်းစတက်တော့ လူကအတော်များပါတယ်။ အချိန်နည်းနည်းကြာလာချိန်မှာ တဖြည်းဖြည်းနဲ့ ပုံမှန်ကျောင်းတက်သူတွေနည်းလာတယ်။ တကယ်တော့ ညကျောင်းဆိုတာ အလုပ်တဖက်နဲ့၊ ကျောင်းတဖက်နဲ့ လာတက်သူတွေက အများသားဆိုတော့ အခြေအနေက ဒီလိုဘဲဖြစ်မှာပါဘဲ။ ပထမနှစ်အခန်းက ကျောင်းကိုဝင်ဝင်ခြင်း ညာဘက်မှာပါ။ အတွင်းကရော အပြင်ဘက်ကပါ ၀င်လို့ရတယ်။ နေ့ကျောင်းပထမနှစ်မှာ ဆရာကျော်သူရိန်နဲ့ ဆရာဦးအောင်ဘတို့ နှစ်ယောက်သင်တာပါ။ ဒါပေမယ့် ဆရာဘလည်း ညဘက်တွေပုံရေးဖြစ်ရင် အဆင်ပြေသလို ရှင်းပြ သင်ပြပေးပါတယ်။ ကျောင်းမှာလေ့ကျင့်လိုက် အိမ်မှာလေ့ကျင့်လိုက်နဲ့ ပန်းချီပညာသင်ဘ၀မှာ ပန်းချီအရေးဆုံးအချိန်ဟာ ပန်းချီပန်းပုညကျောင်းတက်ခဲ့တဲ့ အချိန်ဘဲဆိုတာ သေချာပါတယ်။

ညကျောင်းဒုတိယနှစ်ကို ဆရာဦးဝင်းတင့်၊ တတိယနှစ်ကို ဦးသိန်းစိုးတို့သင်ကြပါတယ်။ အပေါ်ထပ်က ကျောင်းအုပ်ကြီးဦးစိုးတင့်ရဲ့ အသံတွေကလည်း မကြာခဏကြားရတယ်။ အောင်ငွေရေ...လို့ အော်ရင် ညကျောင်းသားတွေနဲ့အတူ ပုံလာရေးတတ်တဲ့ နေ့ကျောင်းသားအောင်ငွေက လာပါဘီလို့ အော်ရင်း ပြေးတက်သွားတာတွေလည်းမှတ်မိသေးတယ်။ ညဘက်မီးတထိန်ထိန်နဲ့ရေးခဲ့ရတဲ့ စွဲမက်ဖွယ်အရသာက ပန်းချီအလုပ်ကိုဘဲလုပ်တတ်တဲ့ လူဖြစ်အောင်တွန်းပို့ခဲ့တယ်လို့ထင်တယ်။ အိမ်မှာဆိုလည်း ည၁နာရီ၊ ၂နာရီအထိ လူရှင်းတဲ့အိမ်အပြင်မှာထိုင်ရင်းလေ့ကျင့်ဖြစ်တာ နေမကောင်းဖြစ်တဲ့အထိဘဲ။

ပထမနှစ်အခန်းထဲဝင်လိုက်ရင် အမည်းရောင်ကျောက်သင်ပုန်းရှိတယ် ပန်းချီထိုင်ရေးတဲ့ခုံတွေချထားတယ်။ အခန်ပုံစံက ထောင့်မှန်ပုံရှိတယ်။ ကျောက်သင်ပုန်းရှေ့ကခုံမှာ ရေးရမယ့် အိုးခွက်ပုလင်းတွေ တင်ထားတယ်။ အခန်းဘယ်ဘက်အခြမ်းမှာ ဆရာတွေထိုင်တဲ့ စားပွဲတွေရှိတယ်။ အဲဒီစားပွဲမှာ ဆရာဘ ပုံရေးနေတာတွေ မှတ်မိသေးတယ်။ ကြည်ပေါက်တဲ့ ပစ္စည်းတွေကို ဘယ်လိုရေးရတယ်ဆိုတာ လက်တွေ့ရေးပြရင်းရှင်းပြခဲ့ဖူးတယ်။ ကြည်ပေါက်တဲ့ပစ္စည်းမှာလည်း ထုထည်ရှိပုံ အရှေ့အနောက်ဖောက်မြင်ရပေမယ့် အလွှာအထပ်ထပ်ရှိပုံတွေ ရှင်းပြလို့နားလည်ခဲ့ရဖူးတယ်။


ညဘက်ပစ္စည်းတွေကို ကြည့်ရေးရင်းရတဲ့အကျိုးက အရာဝတ္ထုတွေကို ထုထည်အားကောင်းကောင်း အလင်းအမှောင်အားကောင်းကောင်းနဲ့ မြင်တွေ့ ရေးဆွဲရတာဘဲ။ အလင်းအခြမ်း အမှောင်အခြမ်းကွဲကွဲပြားပြား မြင်ရတယ်။ အလင်းရဲ့ဂုဏ် အမှောင်ရဲ့ဂုဏ်ကို အများကြီးနားလည်ခွင့်ရခဲ့တယ်။ ပန်းချီဆိုတာ အလင်းကြောင့်ဖြစ်လာတဲ့ မြင်ခြင်းဆိုင်ရာအနုပညာမဟုတ်လား။ အလင်းတန်ဖိုးအလိုက် ပြောင်းလဲနေတဲ့ အရောင်တွေ၊ အရောင်တွေကနေ ခံစားမှုတွေ။ အလင်းကြောင့်ပြောင်းလဲသွားတဲ့ ပုံသဏ္ဍာန်တွေ၊ ပျက်ယွင်းမှု ဖြစ်တည်မှုတွေ။ ဒါတွေကို ခံစားနားလည်ဖို့ အခြေခံကို ညကျောင်းက ကျေးဇူးပြုခဲ့တယ်။

ပန်းချီပညာဆိုတာ စပေါ်ခဲ့တဲ့ ဟိုးနံရံပန်းချီကနေပြီး အခုခေတ်အချိန်အထိ သတ်သတ်မှတ်မှတ်ခွဲခြားလို့ရခဲ့တယ်။ ရှေးလူတွေ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့တဲ့ အမွေအနှစ်တွေထဲက ရှားရှားပါးပါးကျန်ရှိနေတဲ့ မြတ်နိုးဖွယ် အတတ်ပညာတစ်မျိုးပါဘဲ။ ဘယ်လိုဟန်မျိုးနဲ့ဘဲရေးရေး ပန်းချီကားဟာ ပန်းချီကားပါပဲ။ အရမ်းကိုရိုးရှင်းပြီး ကျွန်တော်အတွက်တော့ မြတ်နိုးစရာပါဘဲ။


No comments:

Post a Comment